Masking Fluid ခွာတိုင်း စက္ကူပြဲလို့ ပုံပျက်ဖူးလား? (How to Remove Masking Fluid Without Tearing Paper)

Masking Fluid ခွာတိုင်း စက္ကူပြဲလို့ ပုံပျက်ဖူးလား? (How to Remove Masking Fluid Without Tearing Paper)
ပန်းချီကားတစ်ချပ်ကို အချိန်တွေအများကြီးပေးပြီး သေချာလေး အာရုံစိုက်ဆွဲထားတယ်။ မိမိရဲ့ ပန်းချီကားထဲက နေရာလွတ်လေးတွေဆေးချန်ဖန်တီးဖို့ (Masking Fluid)ကိုသုံးပြီး အသေးစိတ်လေးတွေ ကြိုတင်ကာကွယ်ထားတယ် ။ စာရွက်ပေါ်မှာ ဆေးမဝင်စေချင်တဲ့ အဖြူရောင်နေရာချန်ဖို့အတွက် (ဥပမာ - တိမ်တိုက်၊ နေရောင်ခြည် အလင်းပြန်တဲ့နေရာ) တွေကို ဒီအရည်လေး အရင်သုတ်ထားလိုက်ပါ ဆိုတဲ့ နည်းလမ်းလေးအတိုင်း သေချာလုပ်ခဲ့တယ် ။ အားလုံးပြီးသွားလို့ ဆေးခြောက်သွားလို့ ပြန်ခွာချလိုက်ရင် စာရွက်အဖြူသားလေးက သပ်သပ်ရပ်ရပ်လေး ကျန်ခဲ့ပါလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားစွာ ပြန်ခွာကြည့်လိုက်တဲ့ အချိန်မှာ... ။
.
"ဗြိ" ဆိုတဲ့ အသံနဲ့အတူ စက္ကူအဖြူသားတွေ အလွှာလိုက် ပြဲထွက်ပါလာပြီး၊ အဖုအထစ်ကြမ်းကြမ်းကြီးတွေဖြစ်သွားလို့ ပုံကြီးတစ်ခုလုံး ပျက်စီးသွားရတဲ့ အဖြစ်ဆိုးမျိုး... မိတ်ဆွေရော ကြုံဖူးကြတယ်မလား?
.
အဲ့ဒီအချိန်မှာ ရင်ထဲဘယ်လောက်နာကျင်ရလဲ၊ အချိန်တွေ၊ ဆေးတွေ၊ စက္ကူဖိုးတွေ နှမြောပြီး ဘယ်လောက်တောင် ဒေါသထွက်ရလဲ ဆိုတာကို Admin ကိုယ်တိုင်လည်း Beginner ဘဝက ခဏခဏ ကြုံခဲ့ဖူးလို့ သိပ်နားလည်ပါတယ်။ ပန်းချီဆွဲရတာ ဝါသနာပါတဲ့ သူငယ်ချင်းမိတ်ဆွေတွေလည်း ဒီလို အဖြစ်အပျက်မျိုးကြောင့် ရေဆေးဆွဲရတာကို ကြောက်ရွံ့ပြီး စိတ်ပျက်မသွားစေချင်ပါဘူး။ ဒါဟာ မိတ်ဆွေရဲ့ ပန်းချီဆွဲတဲ့ Skillကြောင့် လုံးဝ(လုံးဝ) မဟုတ်ပါဘူးနော်။ Masking fluid နဲ့ Paper surface အကြားက သိမ်မွေ့တဲ့ သဘောသဘာဝလေးကို နည်းနည်းလေး လွဲချော်သွားလို့သာ ဖြစ်ရတာပါ။
.
ဒါကြောင့် ဒီနေ့မှာတော့ Admin ကနေပြီး ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့်၊ ပန်းချီကျွမ်းကျင်ပညာရှင်တွေပဲ သိထားတဲ့ "Masking Fluid ကို စက္ကူမပျက်အောင် မှန်ကန်စွာ အသုံးပြုနည်းနဲ့ ဖယ်ရှားနည်း" လျှို့ဝှက်ချက်တွေကို အသေးစိတ် မျှဝေပေးသွားပါမယ်။
.
+++++++++++++++++++++++++++++++++++++++++
.
၁။ ဘာကြောင့် စက္ကူသားတွေ ကပ်ပါသွားရတာလဲ?
Masking Fluid ဆိုတာ တကယ်တော့ အရည်ဖျော်ထားတဲ့ သဘာဝရော်ဘာ (Liquid Latex) သဘောတရားပါပဲ။ သူက စက္ကူပေါ်ရောက်သွားတဲ့အခါ လေနဲ့ထိတွေ့ပြီး အလွန်စေးကပ်တဲ့ အလွှာပါးလေးတစ်ခုအနေနဲ့ စက္ကူရဲ့ အမျှင် (Fibers) တွေကြားထဲကို ဝင်ရောက်ဖုံးအုပ်သွားပါတယ်။ ဒီနေရာမှာ အဓိက ပြဿနာက Paper surface (စက္ကူမျက်နှာပြင်) ရဲ့ ခံနိုင်ရည်ပါပဲ။
.
Cellulose (Wood Pulp)စက္ကူများ: ရေဆေးစက္ကူတွေထဲမှာ Cellulose (Wood Pulp - သစ်သားပျော့ဖတ်) ဟာ ဈေးကွက်မှာ အလွယ်တကူဝယ်လို့ရပြီး ဈေးနှုန်းသက်သာတဲ့ စက္ကူအမျိုးအစားဖြစ်ပါတယ် ။ သူ့ကို အထင်တော့မသေးလိုက်ပါနဲ့၊ Cellulose စက္ကူတွေက အတော်အသင့် ကောင်းမွန်တဲ့ အရည်အသွေးရှိပါတယ် ။ ဒါပေမဲ့ သစ်သားပျော့ဖတ်ရဲ့ သဘာဝအရ စက္ကူအမျှင်တွေက တိုပြီး မျက်နှာပြင် (Paper surface) က ဝါဂွမ်းလို မခိုင်မာပါဘူး။ ဒါကြောင့် Cellulose စက္ကူပေါ်မှာ Masking fluid သုံးပြီး ပြန်ခွာတဲ့အခါ စက္ကူအမျှင်လေးတွေက ရော်ဘာနဲ့အတူ အလွယ်တကူ ကပ်ပါလာတတ်ပါတယ်။
.
100% Cotton စက္ကူများ: 100% Cotton(ဝါဂွမ်းစစ်စစ်)ကတော့ ရေဆေးသမားတွေအတွက် အိပ်မက်တစ်ခုပါပဲ ။ ဝါဂွမ်းရဲ့ အမျှင်တွေက အလွန်ရှည်လျားပြီး အချင်းချင်း ခိုင်ခိုင်မာမာ ယှက်နွယ်နေတဲ့အတွက် စက္ကူသားက အလွန်မာကျောကျစ်လစ်ပါတယ်။ ဒါကြောင့် Masking fluid ခွာတဲ့အခါ ပြဲထွက်နိုင်ခြေ အရမ်းနည်းသွားပါတယ်။
.
Admin ရဲ့ အကြံပြုချက်: မိတ်ဆွေက Cellulose စက္ကူကို သုံးနေတယ်ဆိုရင် Masking fluid ကို အများကြီး မသုံးပါနဲ့။ သုံးမယ်ဆိုရင်လည်း စက္ကူမျက်နှာပြင်မှာ Sizing (ဆေးထိန်းလွှာ) အထူကြီးပါတဲ့ အရည်အသွေးမြင့် Cellulose ကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။
.
+++++++++++++++++++++++++++++++++++++++++
.
၂။ Drying Time (အခြောက်ခံချိန်) ဟာ အသက်ပါပဲ
Beginner တွေ အမှားအများဆုံးလုပ်မိတဲ့ နောက်ထပ်အချက်က Drying time ကို သေချာ မစီမံနိုင်တာပါပဲ။ Masking Fluid ကို အချိန်နဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်၂ချက် ရှိပါတယ်။
.
ဆေးမခြောက်ခင် အလောတကြီး ခွာခြင်း: အပေါ်ကနေ ချယ်ထားတဲ့ ရေဆေးတွေ ၁၀၀ ရာခိုင်နှုန်း မခြောက်သေးခင် သွားခွာမိရင် စက္ကူသားက ရေငွေ့ကြောင့် ပျော့အိနေတဲ့အတွက် အလွယ်တကူ ပြဲထွက်သွားတတ်ပါတယ်။ ဒါ့အပြင် မခြောက်သေးတဲ့ ဆေးရည်တွေက အဖြူရောင်ချန်ထားတဲ့ နေရာလေးထဲကို စီးဝင်သွားပြီး ပုံပါ ပျက်သွားတတ်ပါတယ်။
.
အရမ်းကြာမှ ခွာခြင်း (အဆိုးရွားဆုံးအမှား): Masking fluid ကို သုတ်ပြီး (၂) ရက်၊ (၃) ရက်လောက် အကြာကြီး ပစ်ထားမိရင် ရော်ဘာသားက စက္ကူထဲကို လုံးဝ စိမ့်ဝင်ပြီး ကျက်သွားတတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ပူပြင်းတဲ့ ရာသီဥတု (Heat and Humidity) မျိုးမှာ ရော်ဘာက စက္ကူနဲ့ တစ်သားတည်း ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ သွားခွာရင်တော့ ဘယ်လို Cotton စက္ကူအကောင်းစားကြီးပဲဖြစ်ဖြစ် ပြဲထွက်သွားမှာ သေချာပါတယ်။
.
Adminရဲ့ အကြံပြုချက်: Masking fluidကို သုတ်ပြီးတာနဲ့ ဆေးခြောက်အောင်စောင့်ပါ။ ဆေးခြောက်ပြီဆိုတာနဲ့ (အများဆုံး ၂၄ နာရီအတွင်း) ချက်ချင်း ပြန်ခွာပေးပါ။ Hair Dryer (ဆံပင်မှုတ်စက်) အပူကြီးကို သုံးပြီး Masking fluid ကို အတင်းအမြန်ခြောက်အောင် မလုပ်ပါနဲ့။ အပူကြောင့် ရော်ဘာက စက္ကူထဲကို ပိုကပ်သွားတတ်လို့ သဘာဝလေနဲ့ပဲ သူ့ဘာသူအေးအေးဆေးဆေးလေး ခြောက်ပါစေ။
.
+++++++++++++++++++++++++++++++++++++++++
.
၃။ ဘယ်လိုနည်းလမ်းနဲ့ ခွာမလဲ? (Removal Tools & Techniques)
စက္ကူသားလည်း မှန်ပြီ၊ အခြောက်ခံချိန်လည်း မှန်ပြီဆိုရင် နောက်ဆုံးအဆင့်ဖြစ်တဲ့ ခွာတဲ့နည်းစနစ်က အရေးကြီးလာပါပြီ။ လက်သည်းနဲ့ ကလော်ပြီး ခွာတာမျိုးကို လုံးဝ (လုံးဝ) ရှောင်ပါ။ အဲ့ဒီအစား သင့်တော်တဲ့ Removal tools တွေကို စနစ်တကျ အသုံးပြုရပါမယ်။
.
Rubber Cement Pick-up Tool (သီးသန့်ခွာတုံး): ဒါကတော့ Masking fluid တွေကို ခွာဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ ရော်ဘာတုံး (Crepe Rubber) လေးတွေပါ။ သူက စက္ကူမျက်နှာပြင်ကို အနည်းငယ်မှ မထိခိုက်စေဘဲ Masking fluid ကို သံလိုက်လို ဆွဲကပ်ပြီး ခွာချပေးပါတယ်။ မရှိလဲပြသနာမရှိပါဘူး။ အောက်မှာဖော်ပြထားတဲ့ပစ္စည်းလေးတွေသုံးပြီးတော့လဲခွာလို့ရပါတယ်။
.
အိမ်မှာသုံးတဲ့ ပန်းကန်ဆေးတဲ့ရောဘာလက်အိတ် (သို့မဟုတ်) ဆေးခန်းသုံး လက်အိတ် (Latex/Rubber Gloves)ရှိရင် အရမ်းအဆင်ပြေပါတယ်။ အသုံးပြုပုံ: လက်အိတ်ကို ဝတ်လိုက်ပါ။ လက်အိတ်ရဲ့ ရော်ဘာသားက Masking fluid ကို ဆွဲကပ်တဲ့နေရာမှာ လက်ဗလာထက် ပိုထိရောက်ပါတယ်။ လက်ချောင်းလေးနဲ့ ဖွဖွပွတ်လိုက်ရုံနဲ့တင် Masking fluid က လိပ်ပြီး ကွာကျလာပါလိမ့်မယ်။
.
Kneaded Eraser (ခဲဖျက်ပျော့): Tool သီးသန့်မရှိဘူးဆိုရင် Artist တွေသုံးတဲ့ ခဲဖျက်ပျော့လေးနဲ့ ဖိကပ်ပြီး ဖြည်းဖြည်းချင်း ဆွဲခွာလို့ ရပါတယ်။ သူကလည်း စက္ကူကို မပွန်းပဲ့စေပါဘူး။
.
သန့်ရှင်းသော လက်ချောင်းများ (Clean Fingers): ဘာ Tool မှ မရှိရင်တောင် ကိုယ့်ရဲ့ လက်ချောင်းကို သန့်ရှင်းခြောက်သွေ့အောင်ထားပြီး ဖွဖွလေး ဖိပွတ်ပြီး ခွာချလို့ ရပါတယ်။ ဒါပေမဲ့ လက်မှာ ချွေးထွက်နေတာ၊ ဆီပြန်နေတာမျိုး လုံးဝ မရှိစေဖို့ သတိထားရပါမယ်။ ဆီနဲ့ချွေးက ပန်းချီကားရဲ့ အရောင်ကို စွန်းထင်းစေလို့ပါ။
.
Masking Tape ဖြင့် ဆွဲခွာခြင်း: Masking Tape အနည်းငယ်ကိုယူပြီး ကော်အားနည်းသွားအောင် လက်ခုံပေါ်မှာ တစ်ချက်နှစ်ချက် အရင်ကပ်လိုက်ခွာလိုက်လုပ်ပါ။ ပြီးမှ Masking fluid ရှိတဲ့နေရာကို ဖွဖွလေးကပ်ပြီး အသာအယာ ဆွဲမလိုက်ရင် အလွယ်တကူ ကွာကျလာပါလိမ့်မယ်။
.
+++++++++++++++++++++++++++++++++++++++++
.
၄။ Admin ရဲ့ လျှို့ဝှက်ချက် Pro Tips များ
Masking Fluid ကို သုံးတဲ့အခါ စက္ကူကပ်မပါအောင်သာမက၊ ကိုယ့်ရဲ့ ပန်းချီပစ္စည်းတွေ မပျက်စီးအောင်ပါ အောက်ပါအချက်လေးတွေကို အမြဲ မှတ်သားထားစေချင်ပါတယ်။
.
စုတ်တံအကောင်းစားကြီးတွေကို မသုံးပါနဲ့: Masking Fluid က စုတ်တံရဲ့ အမွေးတွေကြားထဲ ဝင်ပြီး ခြောက်သွားရင် ဘယ်လိုမှ ပြန်ဆေးလို့ မရတော့ပါဘူး။ ဒါကြောင့် တန်ဖိုးကြီးတဲ့ Watercolor brush တွေကို လုံးဝ မသုံးပါနဲ့။ အိမ်က စုတ်တံအဟောင်းလေးတွေ ဒါမှမဟုတ် Silicone Shaper Brushလိုမျိုး ရော်ဘာထိပ်ဖူးလေးတွေနဲ့ သုတ်တာ အကောင်းဆုံးပါ။
.
ဆပ်ပြာရည် ကြိုဆွတ်ပါ: စုတ်တံအဟောင်းနဲ့ သုတ်မယ်ဆိုရင်တောင် မသုတ်ခင်မှာ စုတ်တံကို ဆပ်ပြာရည် (သို့) ခေါင်းလျှော်ရည် အပျော့စားလေးထဲ အရင်နှစ်ထားလိုက်ပါ။ ပြီးမှ Masking fluid ကို ယူသုတ်ရင် စုတ်တံဆေးရတာ အရမ်းလွယ်ကူသွားပါလိမ့်မယ်။
.
အရည်ပျစ်နေရင် ရေနည်းနည်း ရောပါ: ကိုယ်ဝယ်ထားတဲ့ Masking fluid က အချိန်ကြာလို့ နည်းနည်း ပျစ်ခဲနေရင် စက္ကူပေါ်မှာ အထူကြီးဖြစ်သွားပြီး ပြန်ခွာရ အရမ်းခက်ပါတယ်။ အဲ့ဒီလိုဆိုရင် အပြင်ပန်းကန်လုံးလေးထဲ နည်းနည်းခွဲထုတ်ပြီး ရေစက်လေး အနည်းငယ်ရောကာ ခပ်ကျဲကျဲလေး ဖျော်သုံးပေးပါ။
.
စက္ကူကို အရင်စမ်းသပ်ပါ: ပန်းချီကားအကြီးကြီး မဆွဲခင်မှာ ကိုယ်သုံးမယ့် စက္ကူအစွန်အဖျားလေးမှာ Masking fluid နည်းနည်းသုတ်၊ အခြောက်ခံပြီး ပြန်ခွာကြည့်ပါ။ စက္ကူရဲ့ ခံနိုင်ရည်ကို ကြိုတင်သိရှိထားခြင်းက အမှားကင်းစေပါတယ်။
.
ပန်းချီဆွဲတယ်ဆိုတာ အမှားတွေကို သင်ခန်းစာယူပြီး ဖြည်းဖြည်းချင်း တိုးတက်လာရတဲ့ အနုပညာခရီးစဉ်တစ်ခုပါ။ အခု Admin မျှဝေပေးခဲ့တဲ့ Paper surface အကြောင်း၊ Drying time အကြောင်းနဲ့ Removal tools အသုံးပြုနည်းလေးတွေကို သိသွားပြီဆိုရင်တော့ နောက်ဆို Masking fluid သုံးရတာ ကြောက်စရာမလိုတော့ဘူးပေါ့ဗျာ။ အမှားလုပ်မိမှာကို မကြောက်ဘဲ ကိုယ့်ရဲ့ စိတ်ကူးထဲက အလင်းအမှောင် ကစားချက်တွေကို စိတ်လွတ်ကိုယ်လွတ် ရဲရဲဝံ့ဝံ့ လေ့ကျင့်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။
.
ဒီ Content လေးက မိတ်ဆွေအတွက် တကယ်ပဲ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်လိုပဲ ပန်းချီဝါသနာပါတဲ့ သူငယ်ချင်းမိတ်ဆွေတွေလည်း ဒီအသိပညာ ဗဟုသုတလေးတွေကို သိရှိသွားအောင် Page လေးကို Like & Share လုပ်ပြီး ဝေမျှပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဆောင်းပါးလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ



Comments