top of page
  • Black Facebook Icon
  • Black Instagram Icon
  • Black Twitter Icon
  • Black Pinterest Icon

ပန်းချီဆေးတွေမှာ Expiredရှိလား? ရှိတယ်ဆိုရင်ဘယ်လိုထိန်းသိမ်းသင့်လဲ? (Do Art Paints Expire? Shelf Life and Storage Tips)

Oct 8
2 min read
Art paint tubes stored properly to prevent drying and expiration

ပန်းချီဆေးတွေမှာ Expiredရှိလား? ရှိတယ်ဆိုရင်ဘယ်လိုထိန်းသိမ်းသင့်လဲ? (Do Art Paints Expire? Shelf Life and Storage Tips)

.

ပန်းချီဆေးဆိုတာ ဆွဲမှကုန်တာမဟုတ်ပါဘူး... သေချာမထားတတ်ရင် ဒီတိုင်းထားလည်း သက်တမ်းကုန်ပြီး အလဟသ ဖြစ်တတ်ပါတယ်။

.

Artist တော်တော်များများနဲ့ Beginner တွေ အများဆုံးဖြစ်တတ်တဲ့ အကျင့်တစ်ခုရှိတယ်။ အဲ့ဒါက ကိုယ်အရမ်းသဘောကျတဲ့ ဈေးကြီးတဲ့ ဆေးဗူးတွေ၊ နိုင်ငံခြားကနေ အပင်ပန်းခံမှာထားရတဲ့ Art suppliesတွေကိုဆို နှမြောပြီး ချက်ချင်းမသုံးဘဲ အံဆွဲထဲမှာ သေသေချာချာ သိမ်းထားတတ်ကြတာပဲ။

.

"ဒီဆေးက ဈေးကြီးတယ်၊ သေချာဆွဲမယ့် Masterpiece ကျမှပဲ ထုတ်သုံးတော့မယ်" ဆိုတဲ့ စိတ်ကူးနဲ့ သိမ်းထားလိုက်ကြတာ လနဲ့ချီ၊ တစ်ခါတလေ နှစ်နဲ့ချီ ကြာသွားတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို နှမြောပြီး သိမ်းထားတဲ့ အကျင့်က တကယ်ပဲ ကောင်းတဲ့အကျင့်လား? ပန်းချီဆေးတွေမှာရော အစားအသောက်တွေလို သက်တမ်းကုန်ဆုံးရက် (Expired Date) ဆိုတာ ရှိသလား?ဆိုတဲ့မေးခွန်းရှိလာပါတယ်။

.

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စာရေးသူရဲ့ မိတ်ဆွေ Beginner တစ်ယောက် အဲ့ဒီလိုမျိုးပဲ အံဆွဲအောက်ဆုံးမှာ အသစ်စက်စက် ဆေးဗူးအစုံလိုက်ကို နှမြောပြီး သိမ်းထားခဲ့တယ်။ နှစ်နှစ်လောက်နေတော့မှ သူအရမ်းဆွဲချင်တဲ့ ပန်းချီကားလေးတစ်ခုအတွက် အဲ့ဒီဆေးဗူးတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်သုံးလိုက်တယ်။

.

ဒါပေမယ့်... ဆေးဗူးကို ညှစ်ချလိုက်တော့ သူမျှော်လင့်ထားတဲ့ ဆေးအနှစ်တွေ ထွက်မလာဘဲ အရည်ကြည်တွေပဲထွက်ကျလာတယ်။ တချို့ဆေးတွေကဆိုရင် ချဉ်စုတ်စုတ် အနံ့ဆိုးကြီးတွေတောင် ထွက်နေတယ်။ သူလည်းသိပ်နားမလည်ဘဲ Canvasပေါ် တင်ဆွဲလိုက်တာ၊ အချိန်ကုန်ခံဆွဲထားတဲ့ ပန်းချီကားလည်း ပျက်၊ တန်ဖိုးကြီးပေးဝယ်ထားတဲ့ ဆေးတွေလည်း အကုန်လွှင့်ပစ်လိုက်ရတယ်။

.

အဲ့ဒီအချိန်က သူခံစားရတဲ့ စိတ်မကောင်းဖြစ်မှုက ပြောပြလို့တောင် မရဘူး။ ကိုယ်အရမ်းမြတ်နိုးတဲ့ ပစ္စည်းလေးတွေ သုံးမရတော့ဘူးဆိုတော့ တကယ်ကို ရင်နာစရာပဲလေ။ စာရေးသူတို့ ကိုယ်တိုင်လည်း အနုပညာခရီးလမ်းစတုန်းက ဒီလိုအမှားမျိုးတွေ ကြုံခဲ့ဖူးပါတယ်။

.

ပန်းချီဆေးတွေမှာ Expired ဖြစ်တတ်လား?


တကယ်တော့ ပန်းချီဆေးတွေမှာလည်း သက်တမ်း (Shelf Life) ဆိုတာ ရှိပါတယ်။ အစားအသောက်တွေလိုမျိုး ရက်စွဲအတိအကျနဲ့ ပုပ်သိုးသွားတာမျိုးမဟုတ်ပေမယ့် ဆေးအမျိုးအစားပေါ်မူတည်ပြီး အာနိသင်ပြောင်းလဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ပူပြင်းပြီး စိုထိုင်းဆ (Humidity) များတဲ့ ရာသီဥတုမှာ ဆေးတွေက ပိုပြီး ပျက်စီးလွယ်ပါတယ်။

.

ကိုယ့်ဆီက သိမ်းထားတာ ကြာနေပြီဖြစ်တဲ့ ဆေးဗူးတွေ ဆက်သုံးလို့ ရ, မရ အောက်ပါ (၃) ချက်နဲ့ အလွယ်တကူ စစ်ဆေးကြည့်လို့ ရပါတယ်။

.

ဒါဆို ကိုယ်သုံးနေတဲ့ ဆေးတွေက ဘယ်လောက်အထိခံလဲ? ဘယ်လိုသိနိုင်မလဲ?

ဆက်ဖတ်ကြည့်လိုက်ရအောင်...

.

---

.

ပန်းချီဆေးအမျိုးအစားအလိုက်သက်တမ်း


ဆေးအမျိုးအစားကိုလိုက်ပြီး အကြမ်းဖျင်းခံနိုင်ရည် သက်တမ်းတွေက မတူကြပါဘူး။


 Acrylic (၂ နှစ် မှ ၅ နှစ်အတွင်း)


သူက ရေအခြေခံထားတာဖြစ်လို့ လေနည်းနည်းဝင်တာနဲ့ ရေငွေ့ပြန်ပြီး မြန်မြန်ခဲသွားတတ်ပါတယ်။

.

 Oil Paint (အနှစ် ၁၀ မှ နှစ်ပေါင်းများစွာ)


ဟုတ်ပါတယ်။ ဆီဆေးက သက်တမ်းအရှည်ဆုံးပါ။ သူက ရေငွေ့ပြန်ပြီးခြောက်တာမဟုတ်ဘဲ ဓာတ်ပြုပြီးမှခြောက်တာမို့ လုံခြုံအောင်ထားရင် လူသက်တမ်းနီးပါး ခံပါတယ်။

.

 Watercolor (၅ နှစ် မှ ၁၀ နှစ် (ဆေးတောင့်) / ရာသက်ပန် (ဆေးခဲ))


ဆေးတောင့် (Tubes) တွေက ၅ နှစ်ကျော်ရင် တဖြည်းဖြည်း မာလာတတ်ပါတယ်။ အခဲ (Pans) တွေကတော့ အစိုဓာတ်မရှိလို့ မှိုမတက်သရွေ့ အကြာကြီးထားလို့ရပါတယ်။

.

 Gouache (၂ နှစ် မှ ၅ နှစ်အတွင်း)


သူကလည်း ရေဆေးအမျိုးအစားပဲမို့ သက်တမ်းတိုပါတယ်။ အထူးသဖြင့် Organic ပစ္စည်းတွေပါလို့ မှိုအလွယ်တကူ တက်တတ်ပါတယ်။


---


 မိတ်ဆွေရဲ့ဆေးတွေ Expired ဖြစ်နေပြီဆိုရင် ပြတတ်တဲ့ လက္ခဏာများ

.

ဆေးတွေပျက်စီးနေပြီဆိုတာ ဒီအချက်တွေနဲ့ စစ်ဆေးကြည့်လို့ရပါတယ်။ ကိုယ့်ဆေးတောင့်တွေမှာ ဒီလိုဖြစ်နေပြီဆိုရင်တော့ နှမြောမနေဘဲ လွှင့်သာပစ်လိုက်ပါတော့။

.

၁။ အနံ့ဆိုးထွက်လာခြင်း


ဒါက အလွယ်ဆုံးနည်းပါ။ Acrylic နဲ့ Gouache လို ရေကိုအခြေခံတဲ့ ဆေးတွေမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပါတယ်။ ဆေးဗူးကို ဖွင့်လိုက်လို့ ချဉ်စူးစူးအနံ့၊ ပုပ်သိုးသိုးအနံ့၊ ဒါမှမဟုတ် ရေညှိလို အနံ့ဆိုးတွေ ရနေပြီဆိုရင် အဲ့ဒီဆေးကို လုံးဝ မသုံးပါနဲ့တော့။ မြန်မာနိုင်ငံရဲ့ စိုထိုင်းဆကြောင့် မှိုတက်လွယ်တဲ့အတွက် အဲ့ဒီဆေးကို ဆက်သုံးရင် ပန်းချီကားတစ်ခုလုံးကိုပါ မှိုကူးစက်သွားစေနိုင်ပါတယ်။

.

၂။ ရော်ဘာတုံးလို ခဲသွားခြင်း


Acrylic ဆေးတောင့်ကို ညှစ်လိုက်လို့ အိစက်မနေဘဲ မာတောင့်တောင့် ရော်ဘာတုံးကြီးထွက်လာပြီလား? ဒါမှမဟုတ် ရေဆေးတောင့်ကနေ ကျောက်ခဲလို အစအနတွေ ထွက်ကျလာပြီလား? ဒါက လေဝင်သွားပြီး ဆေးတွေပျက်စီးသွားတဲ့ လက္ခဏာပါ။ ရေနဲ့ပြန်ဖျော်လို့လည်း သုံးလို့ရမှာမဟုတ်တော့ပါဘူး။

.

၃။ ဆီနဲ့ ဆေးသား ကွဲထွက်သွားခြင်း


ဆေးဗူးကို ညှစ်ထုတ်လိုက်တဲ့အခါ ဆေးအနှစ်သီးသန့်၊ အရည်ကြည်/အဆီ(Binder) သီးသန့် ကွဲထွက်လာရင် သတိထားရပါမယ်။ Oil Color တွေမှာ အဆီနည်းနည်းထွက်လာတာက သာမန်ဖြစ်ပေမယ့်၊ Palette knife လေးနဲ့ ပြန်မွှေလို့မရအောင် အဖတ်တွေဖြစ်နေပြီဆိုရင်တော့ Binder (ကော်/အဆီ ဓာတ်) ပျက်စီးသွားပါပြီ။

.

၄။ စက္ကူပေါ် စမ်းဆွဲကြည့်ပါ


တချို့ဆေးတွေက အနံ့လည်းမဆိုးဘူး၊ အနှစ်လည်း မကွဲဘူး။ ဒါပေမယ့် သုံးလို့ရသေးလား သေချာချင်ရင် စက္ကူအကြမ်း တစ်ရွက်ပေါ်မှာ ဆွဲကြည့်ပါ။


 Acrylic: ခြောက်သွားတဲ့အခါ Canvasစပေါ်ကနေ အမှုန့်တွေလို ကွာကျနေလား?


 Oil Color: လနဲ့ချီကြာတဲ့အထိ မခြောက်ဘဲ စေးကပ်ကပ် ဖြစ်နေတုန်းပဲလား?


 Gouache: အရောင်တွေ အရမ်းမှိုင်းပြီး ဖျော့တော့သွားပြီလား?


အဲ့ဒီလိုဖြစ်နေရင် အဲ့ဒီဆေးရဲ့ ဓာတုဖွဲ့စည်းပုံတွေ ပျက်စီးသွားလို့ သုံးလို့ မရတော့တာ ဖြစ်နိုင်ပါတယ်။

.

---

.

 မသိသေးတဲ့ လျှို့ဝှက်ချက်လေးတစ်ခု!


Admin တို့ ဆေးတောင့်တွေကို သိမ်းတဲ့အခါ ခွက်ထဲမှာ ခေါင်းမော့ပြီး ထောင်ထားတတ်ကြတယ်မလား?


တကယ်တော့ ဆေးတောင့်တွေကို ဇောက်ထိုး (အဖုံးကို အောက်ဘက်ထားပြီး) သိမ်းတာက ဆေးသက်တမ်းကို ပိုရှည်စေပါတယ်!

.

ဘာလို့လဲဆိုတော့ ဆေးတောင့်ထဲက ဆီ ဒါမှမဟုတ် Binder အရည်တွေက အောက်ဘက် (အဖုံးနား) ကို စီးဆင်းသွားပြီး လေဝင်ပေါက်ကို သဘာဝအတိုင်း ပိတ်ဆို့ပေးထားလို့ အပြင်ကလေ ဝင်မလာနိုင်တော့ပါဘူး။ ဒါလေးက တကယ်အသုံးဝင်တဲ့ Trick လေးလက်ဆောင်ပေးတာပါ။

.

---

.


ပန်းချီဆေးတွေ မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ? (Storage Tips)


 လုပ်ဆောင်သင့်သည့်အချက်များ



 အဖုံးကို အသေအချာပိတ်ပါ: သုံးပြီးတိုင်း လေမဝင်အောင် တင်းနေအောင်ပိတ်ပါ။ (လေဝင်ရင် ဆေးပျက်စီးပြီသာမှတ်ပါ)


 အဝကို သန့်ရှင်းရေးလုပ်ပါ: ဆေးတောင့်အဝမှာ ပေနေတဲ့ ဆေးအကျန်တွေကို တစ်သျှူးနဲ့ သေချာသုတ်ပြီးမှ အဖုံးပိတ်ပါ။ (မသုတ်ရင် နောက်တစ်ခါဖွင့်တဲ့အခါ ဆေးတွေကပ်ပြီး သို့ ခဲပြီး ဖွင့်မရဖြစ်တတ်ပါတယ်)


 အေးပြီး အရိပ်ရတဲ့နေရာမှာထားပါ: အခန်းအပူချိန် မျှတတဲ့ စင်တွေ၊ အံဆွဲတွေထဲမှာ သိမ်းပါ။

.

 ရှောင်ကြဉ်သင့်သည့်အချက်များ


 နေရောင်တိုက်ရိုက်ပြမထားပါနဲ့: ပြတင်းပေါက်နား နေပူထဲထားရင် ဆေးတွေ မြန်မြန်ခြောက်ပြီး အရောင်ပြယ်သွားတတ်ပါတယ်။


 အပူအအေး လွန်ကဲတဲ့နေရာမှာ မသိမ်းပါနဲ့: ဥပမာ - ကားနောက်ဖုံးထဲ၊ ပူလွန်းတဲ့ ထပ်ခိုးပေါ် မျိုးမှာ လုံးဝ (လုံးဝ) မထားပါနဲ့။ ဆေးတွေ အရည်ပျော်တာ၊ ကွဲထွက်တာမျိုး ဖြစ်တတ်ပါတယ်။


 ရေနဲ့ရောပြီးသား ဆေးတွေကို ပြန်မသိမ်းပါနဲ့: ခွက်ထဲမှာ ရေနဲ့ဖျော်ထားပြီးသား ဆေးအကျန်တွေကို ပြန်သိမ်းရင် မှိုတက်ဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။ ဒါကြောင့် ဆေးကိုသုံးသလောက်ဘဲအပြင်မှာ ခွဲထုတ်ပြီးသုံးသင့်ပါတယ်။ အပြင်ကခွဲထုတ်ထားတဲ့ဆေးကိုဘဲ ရေနဲ့တွဲသုံးသင့်ပါတယ်။

.

---

.

ဒီအချက်လေးတွေကို သေချာဂရုစိုက်မယ်ဆိုရင် မိတ်ဆွေရဲ့ ထောင်သောင်းချီတန်တဲ့ ပန်းချီဆေးတွေကို နှစ်ရှည်လများ အကောင်းအတိုင်း ဆက်သုံးနိုင်မှာ အသေအချာပါပဲ။ ဆေးတွေကို နှမြောပြီး သိမ်းမထားပါနဲ့... ပျက်သွားရင် ပိုနှမြောရတတ်လို့ အလှဆုံး ပန်းချီကားတွေ ဖန်တီးပစ်လိုက်တာပိုအကျိုးရှိပါတယ်ဗျာ။

.

 နောက်တစ်ခါ ကိုယ့်ရဲ့ပန်းချီဆေးတွေ အခြေအနေကို စစ်ဆေးတဲ့အခါ ပြန်ရှာဖတ်လို့ရအောင် ဒီ Post လေးကို အခုပဲ Save လုပ်ထားလိုက်အုံးနော်။ ကိုယ့်လိုပဲ ဆေးတွေနှမြောပြီး ဥထားတတ်တဲ့ သူငယ်ချင်းတွေရှိရင်လည်း သိသွားအောင် Comment မှာ Mention ခေါပြီး၊ Contentလေးကိုလဲ Shareလုပ်သွားပေးသွားကြပါဦးနော်!


Comments


bottom of page