အသုံးပြုပြီးကာစ စုတ်တံတွေကို ဘယ်လိုသန့်ရှင်းပြီး သိမ်းဆည်းရမလဲ?(How to Clean and Store Paint Brushes Properly)

အသုံးပြုပြီးကာစ စုတ်တံတွေကို ဘယ်လိုသန့်ရှင်းပြီး သိမ်းဆည်းရမလဲ?
(How to Clean and Store Paint Brushes Properly)
.
ပန်းချီစဆွဲတဲ့ Beginner တော်တော်များများ ကြုံတွေ့ရလေ့ရှိတဲ့ အကြီးမားဆုံး အမှားတစ်ခုကတော့ စုတ်တံတွေကို အသုံးပြုပြီးပြီးချင်း စနစ်တကျ မသန့်ရှင်းဘဲ ပစ်ထားတတ်တာပဲ ဖြစ်ပါတယ်။ စုတ်တံဆိုတာ ပန်းချီဆွဲသူတစ်ယောက်ရဲ့ အရေးအကြီးဆုံး လက်နက်တစ်ခုပါ။ အရည်အသွေးကောင်းတဲ့ စုတ်တံတွေဟာ ဈေးနှုန်းမြင့်မားတတ်ပြီး၊ စနစ်တကျ ထိန်းသိမ်းတတ်မယ်ဆိုရင် နှစ်နဲ့ချီပြီး အသုံးပြုနိုင်ပါတယ်။
.
ပန်းချီကားတစ်ချို့ မအောင်မြင်ရခြင်းရဲ့ သင်ခန်းစာတွေကို ပြန်လေ့လာကြည့်တဲ့အခါ ပျက်စီးနေတဲ့ စုတ်တံတွေကြောင့် ဆေးသားမညီညာတာ၊ လိုချင်တဲ့ Effect မထွက်တာ စတဲ့အချက်တွေလည်း အများကြီး ပါဝင်နေတတ်ပါတယ်။ ဒီ Content မှာတော့ အသုံးပြုပြီးကာစ စုတ်တံတွေကို မပျက်စီးအောင် ဘယ်လို သန့်ရှင်းသိမ်းဆည်းရမလဲ ဆိုတာကို အသေးစိတ် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
.
၁။ ပန်းချီဆေးအမျိုးအစားအလိုက် သန့်ရှင်းရေးလုပ်နည်းများ။
ကိုယ်အသုံးပြုထားတဲ့ ဆေးအမျိုးအစား (Medium) ပေါ်မူတည်ပြီး စုတ်တံကို ဆေးကြောသန့်စင်ရမယ့် နည်းလမ်းတွေ လုံးဝ ကွာခြားသွားပါတယ်။
Watercolor (ရေဆေး): ရေဆေးဟာ ရေနဲ့ အလွယ်တကူ ပျော်ဝင်နိုင်တဲ့အတွက် သန့်ရှင်းရေးလုပ်ရ အလွယ်ကူဆုံး ဖြစ်ပါတယ်။ သန့်စင်တဲ့ ရေထဲမှာ စုတ်တံကို ညင်သာစွာ ဆေးကြောပေးရုံနဲ့ လုံလောက်ပါတယ်။ ဆပ်ပြာအပျော့စား (Brush Soap) ကို တစ်ပတ်တစ်ခါခန့်သာ အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
Acrylic (အခရိုင်းလစ်ဆေး): အခရိုင်းလစ်ဆေးဟာ ခြောက်သွေ့သွားရင် ပလတ်စတစ်လို အလွှာတစ်ခု ဖြစ်သွားတဲ့အတွက် စုတ်တံပေါ်မှာ ခြောက်သွားရင် ပြန်ဆေးဖို့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် အသုံးပြုပြီးတာနဲ့ ချက်ချင်း ရေနဲ့ ပြောင်စင်အောင် ဆေးကြောရပါမယ်။ ဆေးကြောရာမှာ Brush Soap သို့မဟုတ် အဝတ်လျှော်ဆပ်ပြာဆီ အနည်းငယ်သုံးပြီး စုတ်တံအမွေးတွေကြားထဲက ဆေးတွေ ကုန်စင်တဲ့အထိ ပွတ်ဆေးပေးရပါမယ်။
Oil Paint (ဆီဆေး): ဆီဆေးကို ရေနဲ့ ဆေးလို့မရပါဘူး။ အရင်ဆုံး စုတ်တံပေါ်က ဆေးအကြွင်းအကျန်တွေကို တစ်ရှူး (သို့) အဝတ်စနဲ့ ပြောင်အောင် သုတ်ပစ်ရပါမယ်။ ထို့နောက် Turpentine သို့မဟုတ် Odorless Mineral Spirits (ဆီဆေးဖျက်ဆေး) ထဲမှာ နှစ်ပြီး ဆေးကြောရပါမယ်။ နောက်ဆုံးမှာ ဆပ်ပြာနဲ့ ရေနွေးနွေးလေးကို အသုံးပြုပြီး ဆီအနှစ်တွေ ကုန်စင်သွားအောင် ထပ်မံဆေးကြောပေးရပါမယ်။
.
၂။ စုတ်တံပုံစံ (Brush Shapes)အလိုက် ဂရုစိုက်ရမည့်အချက်များ။
စုတ်တံရဲ့ ပုံသဏ္ဌာန်ပေါ်မူတည်ပြီး ဆေးကြောသိမ်းဆည်းတဲ့အခါ သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။
Pointed Brush (ထိပ်ချွန်စုတ်တံများ): ရေဆေးဆွဲရာမှာ အသုံးများတဲ့ ဒီစုတ်တံတွေရဲ့ အသက်က ထိပ်ဖျားချွန်ချွန်လေး (Fine point) ဖြစ်ပါတယ်။ ဆေးကြောပြီးတဲ့အခါ ရေစိုနေချိန်မှာပဲ လက်ချောင်းလေးတွေနဲ့ ညင်သာစွာပွတ်ပြီး မူလထိပ်ချွန်ပုံစံ ပြန်ရအောင် ပုံသွင်း (Reshape) ပေးဖို့ အလွန်အရေးကြီးပါတယ်။
Flat Brush (ထိပ်ပြားစုတ်တံများ): အခရိုင်းလစ်နဲ့ ဆီဆေးတွေမှာ အသုံးများပါတယ်။ ဒီစုတ်တံတွေရဲ့ အသက်ကတော့ ဘေးဘောင် ဖြောင့်တန်းနေမှု (Sharp edge) ပါပဲ။ ဆေးကြောပြီးတဲ့အခါ အမွေးတွေ ဖွာမထွက်သွားအောင် လက်မနဲ့ လက်ညှိုးကို သုံးပြီး ပြားချပ်သွားအောင် ပုံသွင်းပေးရပါမယ်။
.
၃။ စနစ်တကျ သန့်ရှင်းရေးလုပ်ခြင်း အဆင့်ဆင့်။
စုတ်တံတွေကို ကြာရှည်ခံအောင် အောက်ပါအဆင့်တွေအတိုင်း အမြဲတမ်း သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
1. ဆေးများကို ဖယ်ရှားပါ: စုတ်တံကို ရေ (သို့မဟုတ်) ဆေးဖျက်ရည်ထဲ မထည့်ခင် တစ်ရှူးစ သို့မဟုတ် အဝတ်စုတ်ကို အသုံးပြုပြီး စုတ်တံပေါ်မှာ ကျန်နေတဲ့ ဆေးအနှစ်တွေကို အရင်ဆုံး ညင်သာစွာ ဖျစ်ညှစ် သုတ်သင်ပါ။
2. ရေဖြင့်ဆေးကြောပါ: စုတ်တံရဲ့အမွှေးကနေFerruleအထိကိုဘဲ ရေထဲထည့်မွှေပါ။ စုတ်တံအမွေးတွေကို ရေခွက်ရဲ့ အောက်ခြေနဲ့ ဖိပြီး အကြမ်းပတမ်း မပွတ်ပါနဲ့။ အမွေးတွေ ကျိုးကြေပျက်စီးတတ်ပါတယ်။ နောက်တစ်ခုသတိထားရမှာက စုတ်တံကိုရေခွက်ထဲကိုနှစ်ပြီးမထားပါသင့်ပါဘူး။
3. ဆပ်ပြာဖြင့် ပွတ်တိုက်ပါ: လက်ဝါးထဲကို Brush Soap သို့မဟုတ် Mild Soap အနည်းငယ် ထည့်ပါ။ စုတ်တံကို လက်ဝါးပေါ်မှာ စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်ဝိုင်းပြီး အမွေးတွေကြားထဲ ရောက်နေတဲ့ ဆေးတွေကို ချွတ်ချပါ။
4. Ferrule အနီးကို သတိထားပါ: စုတ်တံအမွေးနဲ့ လက်ကိုင်ကို ဆက်ထားတဲ့ သတ္တုခေါင်း (Ferrule) အနီးမှာ ဆေးတွေ ကပ်မကျန်ခဲ့အောင် အထူးသတိထား ဆေးကြောပါ။ ထိုနေရာမှာ ဆေးတွေ ခြောက်သွားရင် စုတ်တံအမွေးတွေ ကားထွက်လာပြီး အသုံးမဝင်တော့ပါဘူး။
5. ရေပြောင်အောင် ဆေးပါ: ဆပ်ပြာမြှုပ်တွေနဲ့ ဆေးရောင်တွေ လုံးဝ မထွက်တော့တဲ့အထိ ရေအေးနဲ့ အထပ်ထပ် ဆေးကြောပေးပါ။
6. ရေခြောက်အောင် သုတ်ပြီး ပုံသွင်းပါ: တစ်ရှူးစနဲ့ ရေတွေကို စုပ်ယူပါ။ ထို့နောက် စုတ်တံကို မူလပုံစံအတိုင်း ပြန်ဖြစ်အောင် လက်ချောင်းလေးတွေနဲ့ သေချာ ပုံသွင်းပေးပါ။
.
၄။ ခြောက်သွေ့အောင်ထားခြင်းနှင့် သိမ်းဆည်းခြင်း။
စုတ်တံတွေကို ဆေးကြောပြီးတဲ့အခါ သိမ်းဆည်းတဲ့ နည်းလမ်းကလည်း အလွန်အရေးကြီးပါတယ်။
အပြားလိုက် အခြောက်ခံခြင်း (Horizontal Drying): ဆေးကြောပြီးကာစ ရေစိုနေတဲ့ စုတ်တံတွေကို စားပွဲပေါ်မှာဖြစ်စေ၊ တစ်ရှူးပေါ်မှာဖြစ်စေ အပြားလိုက်ချပြီး အခြောက်ခံပါ။ စုတ်တံအမွေးတွေရှိတဲ့ ဖျားဘက်ကို လေဝင်လေထွက်ကောင်းအောင် အနည်းငယ် အပြင်ဘက်ကို ထုတ်ထားပေးပါ။
ထောင်လျက်အခြောက်မခံပါနဲ့: ရေစိုနေချိန်မှာ စုတ်တံကို အပေါ်ထောင်ပြီး ခွက်ထဲ ပစ်ထည့်မထားပါနဲ့။ ရေတွေဟာ အောက်ဘက်ကို စီးဆင်းသွားပြီး သတ္တုခေါင်း (Ferrule) ထဲက ကော်တွေကို ဆွေးမြေ့ပျက်စီးစေပါတယ်။
သိမ်းဆည်းခြင်း: စုတ်တံတွေ လုံးဝခြောက်သွေ့သွားပြီ (၁၀၀ ရာခိုင်နှုန်း ခြောက်သွားပြီ) ဆိုမှသာ စုတ်တံခွက်ထဲမှာ အမွေးတွေကို အပေါ်ဘက်ထားပြီး ထောင်လျက် သိမ်းဆည်းနိုင်ပါတယ်။ ခရီးသွားတဲ့အခါမျိုးမှာ ဝါးလုံးလေးတွေနဲ့ ရက်လုပ်ထားတဲ့ Bamboo Brush Roll ထဲမှာ ထည့်သိမ်းတာက စုတ်တံအမွေးတွေ ပုံစံမပျက်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
.
အနှစ်ချုပ်ပြောရရင်တော့ -
အရည်အသွေးကောင်းမွန်တဲ့ စုတ်တံတွေဆိုတာ ပန်းချီပညာရှင်တစ်ယောက်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ Beginner ဘဝကတည်းက စုတ်တံတွေကို စနစ်တကျ သန့်ရှင်းရေးလုပ်ပြီး သိမ်းဆည်းတဲ့ အလေ့အကျင့်ကောင်းကို မွေးမြူထားမယ်ဆိုရင် ဆေးရောင်စပ်တာတွေ ပိုမိုလှပလာစေမယ့်အပြင်၊ မလိုအပ်ဘဲ စုတ်တံခဏခဏ အသစ်ပြန်ဝယ်ရတဲ့ ကုန်ကျစရိတ်တွေကိုလည်း လျှော့ချနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

Comments