top of page
  • Black Facebook Icon
  • Black Instagram Icon
  • Black Twitter Icon
  • Black Pinterest Icon

Canvasမှားဝယ်မိတာ မဖြစ်ချင်ရင် ဒီအချက်တွေသိထားပါ။ (Canvas Types for Painting: Panel vs Stretched vs Pad)

Oct 8
2 min read
Canvas Types for Painting: Panel vs Stretched vs Pad

 

Canvasမှားဝယ်မိတာ မဖြစ်ချင်ရင် ဒီအချက်တွေသိထားပါ။ (Canvas Types for Painting: Panel vs Stretched vs Pad)

.

ပန်းချီစဆွဲမယ့်သူတွေပဲဖြစ်ဖြစ်၊ အချိန်တစ်ခုကြာ လေ့လာပြီး ကိုယ့်လက်ရာကို ပိုကောင်းအောင် လေ့ကျင့်နေသူတွေပဲဖြစ်ဖြစ် Canvas ဝယ်တဲ့အခါ ဘယ်အမျိုးအစားကို ရွေးရမလဲဆိုတာ တော်တော်များများ ရှုပ်တတ်ကြပါတယ်။


.


ဆိုင်မှာကြည့်လိုက်ရင် Canvas Panel၊ Stretched Canvas နဲ့ Canvas Pad တွေက ဆေးဆွဲဖို့ပဲဆိုပြီး အတူတူလို ထင်ရပေမဲ့ တကယ်အသုံးပြုတဲ့အခါ မျက်နှာပြင်ရဲ့ တုံ့ပြန်မှု၊ သယ်ရလွယ်ကူမှု၊ သိမ်းဆည်းပုံနဲ့ ကိုယ်ဖန်တီးချင်တဲ့ လက်ရာအမျိုးအစားပေါ်မူတည်ပြီး တော်တော်လေး ကွာသွားပါတယ်။


.


ဒါကြောင့် Canvas မဝယ်ခင် ကိုယ်ဘာအတွက် ဆွဲမယ်ဆိုတာ အရင်ဆုံး စဉ်းစားထားသင့်ပါတယ်။


━━━━━━━━━━━━━━━━━━


 ၁။ Stretched Canvas


သစ်သားဘောင်ပေါ်မှာ Canvas စကို တင်းအောင် ဆွဲရိုက်ထားတဲ့ အမျိုးအစား


Stretched Canvas ကတော့ ပန်းချီဆွဲသူအများစု မြင်နေကျ Canvas ပုံစံပါ။ Canvas စကို သစ်သားဘောင်ပေါ်မှာ တင်းနေအောင် ချုပ်ထားတာဖြစ်လို့ စုတ်တံနဲ့ ဆွဲတဲ့အခါ အနည်းငယ် အိဝင်ပြီး ပြန်ကန်လာတဲ့ခံစားချက် ရှိပါတယ်။


.


အားသာချက်ကတော့ -


 Brush Feel ကောင်းပါတယ်။စုတ်တံနဲ့ ဖိဆွဲတဲ့အခါ Canvas စက အနည်းငယ် ပြန်တုံ့ပြန်ပေးတဲ့အတွက် ပျော့ပျောင်းတဲ့ Brush Stroke တွေ၊ ထူထူတင်တဲ့ Texture တွေ ဆွဲရတာ ပိုအားရစေပါတယ်။


 Final Artwork အတွက် ကြည့်ကောင်းပါတယ်။ ပန်းချီဆွဲပြီးသွားရင် ထပ်ပြီးပြားပေါ်ကပ်စရာမလိုဘဲ ချိတ်ဆွဲနိုင်ပါတယ်။ ဘေးသားတွေကိုပါ သန့်သန့်ရှင်းရှင်း ဆေးခြယ်ထားရင် အပြင်ဘောင်ထပ်မထည့်ဘဲလည်း ပြသနိုင်ပါတယ်။


 Oil နဲ့ Acrylic နှစ်မျိုးလုံးအတွက် သင့်တော်ပါတယ်။ ကြိုတင် Primer သုတ်ထားတဲ့ Canvas ဆိုရင် Oil Paint နဲ့ Acrylic Paint နှစ်မျိုးစလုံး အသုံးပြုနိုင်ပါတယ်။


.


သတိထားရမယ့်အချက်တွေကတော့ -


 Canvas စအောက်မှာ မာကျောတဲ့အခံမရှိတာကြောင့် ချွန်ထက်တဲ့အရာနဲ့ ထိမိရင် ပေါက်ပြဲနိုင်ပါတယ်။


 အရွယ်အစားကြီးလာတာနဲ့အမျှ သိမ်းဆည်းဖို့ နေရာပိုယူပြီး သယ်ယူရတာလည်း အနည်းငယ်ခက်ခဲလာနိုင်ပါတယ်။


 မဈေးနှုန်းသက်သာတဲ့ Canvas တချို့မှာ ဘောင်လိမ်တာ၊ Canvas စလျော့တာမျိုး ဖြစ်နိုင်လို့ အရွယ်အစားကြီးဝယ်မယ်ဆိုရင် ဘောင်တည်ငြိမ်မှုကို စစ်ကြည့်သင့်ပါတယ်။


━━━━━━━━━━━━━━━━━━


 ၂။ Canvas Panel


မာကျောတဲ့Boardပေါ်မှာ Canvasစကို ကပ်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ Canvas Panel က အောက်မှာ Board အခံရှိတာကြောင့် Stretched Canvas လို အိဝင်သွားတဲ့ခံစားချက်မရှိဘဲ မျက်နှာပြင်က မာမာတင်းတင်း ဖြစ်နေပါတယ်။


.


အားသာချက်‌တွေကတော့ -


 ဖိဆွဲရတာကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။ Board အခံရှိလို့ စုတ်တံနဲ့ ဖိဆွဲတာ၊ Palette Knife နဲ့ ဆေးတင်တာတွေ လုပ်တဲ့အခါ မျက်နှာပြင်က တည်ငြိမ်ပါတယ်။


 ပေါက်ပြဲမှာ စိတ်ပူစရာနည်းပါတယ်။ Canvas စအောက်မှာ အခံရှိတာကြောင့် သယ်ယူတဲ့အခါနဲ့ လေ့ကျင့်ဆွဲတဲ့အခါ ပိုခံနိုင်ရည်ရှိပါတယ်။


 သယ်ရ၊ သိမ်းရလွယ်ပါတယ်။ပါးပါးလေးဖြစ်လို့ Outdoor Painting ထွက်မယ့်သူတွေ၊ သင်တန်းသွားတဲ့အခါ ပစ္စည်းတွေ သယ်ရတဲ့သူတွေအတွက် အဆင်ပြေပါတယ်။


 Beginner တွေ လေ့ကျင့်ဖို့ ကောင်းပါတယ်။ အများအားဖြင့် Stretched Canvas ထက် ဈေးနှုန်းပိုသက်သာလို့ Color Mixing၊ Brush Control နဲ့ Composition လေ့ကျင့်တဲ့အခါ အသုံးဝင်ပါတယ်။


.


သတိထားရမယ့်အချက်တွေကတော့ -


 အောက်မှာ Board ခံထားတာကြောင့် Stretched Canvas လို အိပြီးပြန်ကန်တဲ့ Brush Feel မရပါဘူး။


 အရည်အသွေးနိမ့်တဲ့ Board တွေက စိုထိုင်းဆများတဲ့နေရာမှာ အချိန်ကြာလာရင် ကွေးတာ၊ ဖောင်းတာမျိုး ဖြစ်နိုင်ပါတယ်။


 ပြခန်းတင်မယ်၊ နံရံမှာချိတ်မယ်ဆိုရင် အများအားဖြင့် ဘောင်ထပ်ထည့်ပေးဖို့ လိုပါတယ်။


━━━━━━━━━━━━━━━━━━


 ၃။ Canvas Pad


Canvas မျက်နှာပြင်ပါတဲ့ စာရွက်တွေကို Pad ပုံစံနဲ့ ချုပ်ထားတဲ့ အမျိုးအစား Canvas Pad ကိုကြည့်လိုက်ရင် Drawing Pad သို့မဟုတ် Watercolour Pad လိုပုံစံဖြစ်ပေမဲ့ စာရွက်မျက်နှာပြင်ကို Canvas Texture ပါအောင် ပြုလုပ်ထားတာပါ။


.


အချို့ Canvas Pad တွေက Canvas Paper ဖြစ်ပြီး အချို့ကတော့ ပါးတဲ့ Canvas စကို Sheet ပုံစံနဲ့ ထည့်ထားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် မဝယ်ခင် ပစ္စည်းအမျိုးအစားနဲ့ အသုံးပြုနိုင်တဲ့ Paint Type ကို Label မှာ သေချာစစ်ကြည့်သင့်ပါတယ်။


.


အားသာချက်‌တွေကတော့-


 စမ်းသပ်ဆွဲဖို့ အကောင်းဆုံးပါ။ Color Study၊ Composition စမ်းသပ်တာ၊ Portrait လေ့ကျင့်တာနဲ့ ပန်းချီကားအကြီးမဆွဲခင် အကြမ်းစမ်းဆွဲတာတွေအတွက် အရမ်းအသုံးဝင်ပါတယ်။


 တစ်ရွက်ချင်းအသုံးပြုနိုင်ပါတယ်။ လိုအပ်တဲ့အခါ Pad ထဲကနေ တစ်ရွက်ချင်းဖြုတ်ပြီး Board ပေါ်မှာ Tape ကပ်ကာ ဆွဲနိုင်ပါတယ်။


 သိမ်းဆည်းရလွယ်ပြီး နေရာမယူပါဘူး။ Stretched Canvas တွေလို ထူထူကြီးမဟုတ်တာကြောင့် လက်ရာအများကြီးကို Folder သို့မဟုတ် Portfolio ထဲမှာ စုသိမ်းထားနိုင်ပါတယ်။


 ဈေးသက်သာလို့ လေ့ကျင့်ခန်းများများလုပ်နိုင်ပါတယ်။ Canvas တစ်ချပ်ပေါ်မှာ မှားသွားမှာစိုးပြီး လက်တွန့်နေသူတွေအတွက် Canvas Pad က စိတ်ပေါ့ပေါ့ပါးပါးနဲ့ စမ်းသပ်နိုင်စေပါတယ်။


.


သတိထားရမယ့်အချက်လေးတွေကတော့ -


 စာရွက်ပုံစံဖြစ်တာကြောင့် ဆေးအထူကြီးတင်တဲ့အခါ ကွေးသွားတာ၊ လိမ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဆွဲတဲ့အခါ Board ပေါ်မှာ Tape နဲ့ တင်းတင်းကပ်ထားတာ ပိုကောင်းပါတယ်။


 Stretched Canvas နဲ့ Canvas Panel လို မျက်နှာပြင်တည်ငြိမ်မှု မရှိတဲ့အတွက် Palette Knife နဲ့ ဖိတင်တာ၊ Heavy Texture တင်တာတွေအတွက် သိပ်မသင့်တော်ပါဘူး။


 Canvas Pad အားလုံးက Oil Paint အတွက် သင့်တော်တာမဟုတ်ပါဘူး။ Oil Paint သုံးမယ်ဆိုရင် Oil-primed သို့မဟုတ် Oil Paint အတွက် အသုံးပြုနိုင်ကြောင်း ရေးထားတာကို စစ်ပါ။ မသေချာရင် Acrylic Paint နဲ့ အသုံးပြုတာ ပိုအဆင်ပြေပါတယ်။


 Final Artwork အဖြစ် ဘောင်သွင်းမယ်ဆိုရင် စာရွက်ကို တည်ငြိမ်တဲ့ Board ပေါ်မှာ Mount လုပ်ပြီးမှ ဘောင်သွင်းတာ ပိုသင့်တော်ပါတယ်။


━━━━━━━━━━━━━━━━━━


 Kar Kar Gyiရဲ့ အကြံပြုချက် -


ကိုယ့်အတွက် ဘယ် Canvas ကို ရွေးသင့်လဲ?


ပန်းချီအခုမှ စလေ့လာနေတယ်၊ နေ့တိုင်းလေ့ကျင့်ချင်တယ်ဆိုရင် — Canvas Pad


တစ်ရွက်ချင်း ဈေးသက်သာပြီး နေရာလည်းမယူတာကြောင့် Brush Stroke၊ Color Mixing နဲ့ Composition တွေကို စိတ်လွတ်လက်လွတ် လေ့ကျင့်နိုင်ပါတယ်။


.


ပန်းချီကားသေးသေးလေးတွေ အများကြီးဆွဲမယ်၊ Outdoor ထွက်ဆွဲမယ်ဆိုရင် — Canvas Panel သယ်ရတာလွယ်ပြီး မျက်နှာပြင်မာတာကြောင့် နေရာရွှေ့ပြောင်းပြီး ဆွဲရသူတွေအတွက် ပိုအဆင်ပြေပါတယ်။


.


ရေရှည်သိမ်းထားချင်တဲ့ Final Artwork၊ လက်ဆောင်ပေးမယ့်ပန်းချီကား၊ ပြခန်းတင်မယ့်လက်ရာဆိုရင် — Stretched Canvas ကြည့်ကောင်းပြီး ပန်းချီကားတစ်ချပ်အနေနဲ့ ပြသဖို့ အဆင်သင့်ဖြစ်တာကြောင့် အချောသတ်လက်ရာတွေအတွက် ပိုသင့်တော်ပါတယ်။


━━━━━━━━━━━━━━━━━━


Canvas ရွေးတဲ့အခါ “ဘယ်တစ်မျိုးက အကောင်းဆုံးလဲ” ဆိုတာထက် “ကိုယ်ဘာဆွဲမလဲ၊ ဘယ်လောက်လေ့ကျင့်မလဲ၊ ပြီးသွားရင် ဘယ်လိုသိမ်းမလဲ” ဆိုတာကို စဉ်းစားပြီး ရွေးတာက ပိုမှန်ပါတယ်။


.


Canvas ဈေးကြီးတာဝယ်လိုက်ရုံနဲ့ ပန်းချီကားက အလိုအလျောက်ကောင်းသွားတာမဟုတ်သလို၊ ဈေးသက်သာတဲ့ Canvas Pad သုံးတယ်ဆိုပြီးလည်း လက်ရာတန်ဖိုး လျော့မသွားပါဘူး။ ကိုယ်လုပ်နေတဲ့အဆင့်နဲ့ ရည်ရွယ်ချက်ကိုက်ညီတဲ့ ပစ္စည်းကိုရွေးနိုင်တာက ပိုအရေးကြီးပါတယ်။


.


ဒီလို Art Materials တွေအကြောင်း သိချင်တာ၊ ကိုယ်သုံးနေတဲ့ဆေးနဲ့ ဘယ်Canvasကို တွဲသုံးသင့်လဲ မသေချာတာရှိရင် Comment မှာ မေးခဲ့လို့ရပါတယ်နော်။ Kar Kar Gyiကကျွမ်းကျင်ဝန်ထမ်းများက သေချာလေး ပြန်ဖြေပေးသွားပါမယ်ဗျ။


Comments


bottom of page