top of page
  • Black Facebook Icon
  • Black Instagram Icon
  • Black Twitter Icon
  • Black Pinterest Icon

သိထားသင့်တဲ့ Acrylicနဲ့တွဲသုံးတဲ့Mediumများရဲ့လှို့ဝှက်ချက်များ။(Acrylic Mediums for Painting)

Oct 8
5 min read
Acrylic mediums for painting including gel, pouring and modelling paste

 သိထားသင့်တဲ့ Acrylicနဲ့တွဲသုံးတဲ့Mediumများရဲ့လှို့ဝှက်ချက်များ။ (Acrylic Mediums for Painting)

.

Beginnerတစ်ယောက် ပန်းချီစဆွဲပြီဆိုရင်အရင်ဆုံးရွေးချယ်တတ်တာက Acrylic ပါပဲ။ ဆေးရောင်လှလှလေးတွေလေးတွေကိုဖောက်ပြီး၊ Canvasပေါ်မှာ စိတ်ကူးယဉ်ပြီးစီးမျောဖို့အတွက် ပြင်ဆင်လိုက်ကြတယ်။

.

ဒါပေမယ့် တကယ်လက်တွေ့မှာ ဘာဖြစ်သွားလဲ? ကိုယ်လိုချင်တဲ့ဆေးသားအထူ/အပါးမျိုးမရတာမျိုး၊ ကိုယ်လိုချင်တဲ့ထု ထည့်ဆွဲဖို့မဖြစ်နိုင်တာမျိုး၊ မြန်မာနိုင်ငံရဲ့ ပူအိုက်တဲ့ ရာသီဥတုဒဏ်ကြောင့် ဆေးတွေကPaletteပေါ်မှာတင်ရင်း ခဏလေးနဲ့ခြောက်သွားတာမျိုး၊ အေးဆေးအချိန်ယူ Blend လုပ်ချင်တာကို ပြေးနေရသလိုအမြန်ဆွဲနေရမျိုး၊ ဆေးခြောက်မမြန်အောင်နဲ့ ဆေးသားပျံ့နှံ့အားကောင်းသွားအောင်ဆိုပြီး ရေတွေကို အများကြီး ထည့်ဖျော်လိုက်လို့အရောင်တွေ မှိန်ကျသွားပြီး၊ ခြောက်သွားတဲ့အခါမြေဖြူမှုန့်လို ဖွာထွက်လာတာမျိုးတွေစသဖြင့် အဲ့လိုဖြစ်တဲ့အချိန် ဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားတတ်တယ်မလား?... Admin ကိုယ်တိုင်လည်း Beginner ဘဝတုန်းက ဒီလိုပဲ အကြိမ်များစွာ ကြုံဖူး၊ စိတ်ပျက်ခဲ့ရဖူးပါတယ်။

.

 ဒီနေရာမှာAdminမျှဝေပေးချင်တဲ့ လှို့ဝှက်ချက်လေးတစ်ခု ရှိတယ်။

တကယ်တော့ Acrylic ဆေးဆိုတာ ပန်းချီစဆွဲမယ့်Beginnerတွေအတွက်ရန်သူမဖြစ်သင့်ပါဘူး။ သူက အရမ်းကို အလိုက်သိပြီး ပုံသွင်းရလွယ်တဲ့ ဆေးအမျိုးအစားပါ။ ဒါပေမယ့် သူ့ကို ထိန်းချုပ်နိုင်တဲ့ "Control Panel" ကို ကိုယ်က မသိသေးလို့ပါ။ အဲ့ဒီ Control Panel ဆိုတာ တခြားမဟုတ်ပါဘူး...ကိုယ်ဖန်တီးမယ့်ပန်းချီStyleအတွက်Acrylicဆေးတွေနဲ့တွဲသုံးဖို့အဖော်"Acrylic Mediums"တွေကို ခေါ်တာပါ။

.

Mediumတွေကိုသာ သေချာအသုံးချတတ်သွားပြီဆိုရင်...

 Acrylic ကို ရေဆေး (Watercolor) လို ကြည်လောက်သွားအောင် ခိုင်းမလား? ရတယ်။

 ဆီဆေး (Oil Paint) လိုမျိုး အချိန်အကြာကြီး ယူပြီး Blend လုပ်လို့ရအောင် ခိုင်းမလား? ရတယ်။

 ဆေးသားအထူကြီးတွေနဲ့ 3D ပုံစံ ကြွတက်လာအောင် ခိုင်းမလား?

 Textureတွေအမျိုးမျိုးဖန်တီးချင်လား? ရတယ်။

.

Digital Art ကနေ Traditional ကို Hybrid ပြောင်းဆွဲလာတဲ့ Artist လေးတွေ အများဆုံး အခက်တွေ့တာလည်း ဒီလို Medium တွေကို နေရာတကျ အသုံးမချတတ်သေးလို့ပါပဲ။ ဒီကနေ့တော့ ကိုယ်တိုင်အမှားများစွာကနေ သင်ယူခဲ့ရတဲ့အတွေ့အကြုံကနေ... Beginnerတွေ၊ Acrylicကို သေချာလေ့လာချင်တဲ့Serious learnerတွေအတွက် ပန်းချီဆွဲတဲ့အတွေ့အကြုံကို လုံးဝပြောင်းလဲသွားစေမယ့် Acrylicနဲ့တွဲသုံးဖို့အတွက်"Medium (၁၂) မျိုးကို ဘယ်လို အသုံးချမလဲ" ဆိုတာနဲ့ပါတ်သတ်ပြီး အသေးစိတ်ရှင်းပြပေးသွားပါမယ်။

________________________________________

 Acrylic Medium ဆိုတာ ဘာလဲ?

အလွယ်ဆုံးပြောရရင် Medium ဆိုတာ "အရောင် (Pigment) မပါတဲ့ Acrylic ဆေး" ပါပဲ။

Acrylic ဆေးဆိုတာ အရောင်မှုန့် (Pigment) တွေကို Acrylic Polymer (ကော်စေး) နဲ့ ဖျော်စပ်ထားတာပါ။ Medium တွေမှာလည်း အဲ့ဒီ Polymer တွေ အပြည့်အဝပါဝင်တယ်။ ဒါကြောင့် သူတို့ကို ဆေးနဲ့ရောသုံးလိုက်တဲ့အခါ ဆေးရဲ့ အရည်အသွေး (Quality) မကျသွားဘဲ၊ ကိုယ်လိုချင်တဲ့ အာနိသင် (ဥပမာ - အခြောက်နှေးစေတာ၊ ပြောင်လက်စေတာ၊ ထူသွားစေတာ) တွေကို ရရှိစေတာ ဖြစ်ပါတယ်။

.

 Medium နဲ့ Water (ရေ) ဘာကွာလဲ?

Artist ၈၀% လောက် အစပိုင်းမှာ မှားတတ်တဲ့ အမှားက ဆေးကျဲချင်ရင် "ရေ" ကိုပဲ အများကြီး ရောသုံးတတ်တာပါပဲ။

.

 ရေ (Water): ရေကို နည်းနည်းလေးပဲ ဆေးစပ်ဖို့ သုံးရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ရေအများကြီး ရောလိုက်တဲ့အခါ (ဥပမာ ၃၀% ထက်ကျော်သွားရင်) Acrylic ဆေးထဲမှာပါတဲ့ ကော်ဓာတ် (Binder) တွေ ပြိုကွဲသွားပါတယ်။ အကျိုးဆက်ကတော့ ဆေးခြောက်သွားတဲ့အခါ မြေဖြူလို ဖွာပြီး အရောင်မှိန်သွားမယ်၊ Canvas ပေါ်ကနေ အလွယ်တကူ ကွာကျလာတတ်ပါတယ်။

 Medium: Mediumထည့်သုံးတဲ့အခါ ကော်ဓာတ်က ထပ်ဖြည့်ပေးသလို ဖြစ်သွားလို့ ဆေးသားကျဲသွားရင်တောင် အရောင်တောက်ပြောင်မှုနဲ့ ဆေးသားခိုင်ခန့်မှုက လုံးဝ မလျော့သွားပါဘူး။

.

 Beginner တွေ Medium မသုံးရင် ဘာဖြစ်မလဲ?

Medium မသုံးဘဲ ရေနဲ့ချည်းပဲ အားကိုးပြီး ဆွဲမယ်ဆိုရင် -

၁။ ဆေးခြောက်မြန်လွန်းလို့ (Blend) တဲ့နေရာမှာ အရာတွေထင်ကျန်ခဲ့မယ်။

၂။ မြန်မာနိုင်ငံလို စိုစွတ်ပြီး ပူတဲ့ရာသီဥတု (Humidity) မှာ ဆေးသားတွေ အက်ကွဲတာ၊ ရေရှည်မှာ မှိုတက်တာတွေ ဖြစ်လာနိုင်တယ်။

၃။ ကိုယ်လိုချင်တဲ့ Texture အထူအပါး၊ အကြမ်းအချော ဖန်တီးဖို့ အရမ်းခက်ခဲသွားပါမယ်။

ဒါဆိုရင်ကျွန်တော်တို့ Acrylicနဲ့တွဲသုံးလို့ရတဲ့ အဓိက Medium (၁၂) မျိုးအကြောင်းကို တစ်ခုချင်းစီ အသေးစိတ် လေ့လာကြည့်ရအောင်...

________________________________________

1. Impasto Medium

ဘာအတွက်သုံးတာလဲ?

Impasto ဆိုတာ အီတလီစကားကနေ လာတာဖြစ်ပြီး Doughဆိုတာ မြန်မာလိုဆိုရင်တော့ ဂျုံနယ်ဖတ် လို့ အဓိပ္ပာယ်ရပါတယ်။ သူက ဆေးသားကို မုန့်နှစ်လိုမျိုး ထူထူပိန်းပိန်း ဖြစ်သွားစေဖို့ သုံးတာပါ။ ပုံမှန် Acrylic ဆေးတွေက အရမ်းမထူတဲ့အတွက် ဆေးကို ထူထူလေးဆွဲချင်ရင် ဆေးတွေ အများကြီး ကုန်ပါတယ်။ Impasto Mediumကို ဆေးနဲ့ရောလိုက်တဲ့အခါ ဆေးပမာဏလည်း များသွားသလို၊ ဆေးသားကလည်း အရမ်းမာခိုင်ပြီး ထူသွားပါတယ်။

.

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 Van Gogh ရဲ့ ပန်းချီကားတွေလို Brush Strokes (စုတ်ချက်) အရာတွေ ထင်ထင်ရှားရှား ပြချင်တဲ့အခါ။

 Palette Knife (ဆေးသုတ်ဓား) နဲ့ ခပ်ထူထူ ခြစ်ဆွဲတဲ့ Abstract ပန်းချီကားတွေ ဖန်တီးတဲ့အခါ။

 ပန်းပွင့်လေးတွေ၊ တောင်တန်းလေးတွေကို 3D ပုံစံ ကြွကြွလေးဖြစ်အောင် ဆွဲတဲ့အခါမျိုးမှာ သုံးပါတယ်။

.

 Expert tips:

Impasto သုံးတဲ့အခါ တစ်ခါတည်း အထူကြီး ပုံမချပါနဲ့။ အပြင်ဘက်က ခြောက်သွားပေမယ့် အတွင်းထဲမှာ မခြောက်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အလွှာလိုက် (Layers) လေးတွေ တစ်လွှာခြောက်မှ တစ်လွှာ ထပ်ဆွဲပေးတာက အကောင်းဆုံးပါပဲ။

________________________________________

2. Crackle Paste

ဘာအတွက်သုံးတာလဲ?

နာမည်အတိုင်းပါပဲ၊ သူက ခြောက်သွားတဲ့အခါ သဘာဝကျကျ အက်ကွဲကြောင်းလေးတွေ (Cracks) ကို ဖန်တီးပေးတဲ့ Medium ပါ။ Opaque (အလင်းမပေါက်တဲ့) အဖြူရောင် အနှစ်ပုံစံရှိပြီး ခြောက်သွားရင် လှပတဲ့ အက်ကွဲရာလေးတွေ ပေါ်လာပါတယ်။

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 Vintage ပုံစံ၊ ရှေးဟောင်းပုံစံ ပန်းချီကားတွေ ဖန်တီးချင်တဲ့အခါ။

 သစ်ပင်အခေါက်တွေ၊ ခြောက်သွေ့နေတဲ့ မြေကြီး အက်ကွဲကြောင်းတွေ၊ နံရံဟောင်းတွေရဲ့ Texture ကို လိုချင်တဲ့အခါသုံးနိုင်ပါတယ်။

 Expert tips:

Crackle Paste သုံးမယ်ဆိုရင် အောက်ခံဆေးရောင် (Underpainting) ကို အရင်သုတ်ထားပါ။ ဥပမာ - အောက်က အညိုရောင်သုတ်ပြီး Crackle Paste တင်လိုက်ရင် အက်သွားတဲ့အခါ အောက်က အညိုရောင်လေးတွေ ပေါ်လာလို့ အရမ်းလှပါတယ်။ Paste ကို ထူထူသုတ်ရင် အက်ကြောင်းက ကြီးကြီးဖြစ်ပြီး၊ ပါးပါးသုတ်ရင် အက်ကြောင်းလေးတွေ သေးသေးလေးဖြစ်တာကို သတိပြုပေးပါ။

________________________________________

3. Flow Medium (သို့မဟုတ် Flow Improver)

ဘာအတွက်သုံးတာလဲ?

Flow Medium က ဆေးရဲ့ မျက်နှာပြင် တင်းအား (Surface Tension) ကို လျှော့ချပေးပြီး ဆေးကို ရေလိုမျိုး စီးဆင်းမှု ကောင်းသွားစေပါတယ်။ ရေနဲ့ဖျော်သလို အရောင်မဖျော့သွားဘဲ ဆေးသားချောမွေ့သွားစေတာက သူ့ရဲ့ အားသာချက်ပါ။

.

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 ဆံပင်မွေးလေးတွေ၊ မျက်တောင်မွေးလေးတွေလို သေးငယ်တဲ့ Detail Line လေးတွေ ဆွဲတဲ့အခါ။

 Canvas ပေါ်မှာ ဆေးပြန့်သွားအောင် (Wash ချတဲ့အခါ)။

 Calligraphy လိုမျိုး စာလုံးလှရေးတာတွေ၊ အချောသတ် ကောက်ကြောင်း (Outline) ဆွဲတဲ့အခါတွေမှာ သုံးပါတယ်။

.

 Expert tips:

Flow Medium ကို ဆေးထဲကို တိုက်ရိုက် အများကြီး မထည့်ပါနဲ့။ ရေနည်းနည်းနဲ့ Flow Medium ကို အရင်ရော (ဥပမာ - ရေ ၂၀% ၊ Flow Medium ၅%) ပြီးမှ အဲ့ဒီအရည်ကို ဆေးနဲ့ပြန်ရောရင် ဆေးသား ပိုပြီး ညီညာချောမွေ့ပါတယ်။

________________________________________

4. Pouring Medium

ဘာအတွက်သုံးတာလဲ?

Pouring Medium ကတော့ အခုနောက်ပိုင်း အရမ်းခေတ်စားလာတဲ့ Fluid Art (ဆေးလောင်းပန်းချီ) တွေမှာ မပါမဖြစ် သုံးရတဲ့အရာပါ။ သူက ဆေးကို ပျားရည်လို စေးစေးပြစ်ပြစ်နဲ့ စီးဆင်းမှုကောင်းစေတယ်။ အရေးအကြီးဆုံးက ဆေးတွေ တစ်ရောင်နဲ့တစ်ရောင် ရောထွေးမသွားဘဲ သီးသန့်စီ လှလှပပ ပြန့်ကျသွားစေဖို့ပါ။

.

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 Canvasပေါ်ကို ဆေးရောင်စုံလောင်းချပြီး Abstractတွေဖန်တီးတဲ့ Pouring Art တွေအတွက်ပါ။

 ချောမွေ့တဲ့ မျက်နှာပြင် (Puddle) တွေ ဖန်တီးချင်တဲ့အခါ။

.

 Expert tips:

Acrylic ဆေးအများစုက ရေနဲ့အများကြီးရောပြီး လောင်းချလိုက်ရင် ခြောက်သွားတဲ့အခါ အက်ကွဲ (Cracking) တတ်ပါတယ်။ Pouring Medium သုံးရင် အဲ့ဒီလို အက်ကွဲတာကို လုံးဝကာကွယ်ပေးပါတယ်။ Silicon oil လေးနည်းနည်း ထပ်ရောပေးရင် လှပတဲ့ဆဲလ်ကွက် (Cells) လေးတွေ အများကြီး ထွက်လာပါလိမ့်မယ်။

________________________________________

5. Iridescent Medium (သို့မဟုတ် Pearl Medium)

ဘာအတွက်သုံးတာလဲ?

ဒီ Mediumကတော့ ပန်းချီကားကို မှော်ဆန်ဆန် တောက်ပသွားစေတဲ့ လျှို့ဝှက်ချက်လေးပါ။ သူ့ကို ဆေးနဲ့ ရောလိုက်တာနဲ့ ရိုးရိုးအရောင်ကနေ ပုလဲရောင် (Pearlescent)၊ သတ္တုရောင် (Metallic) လိုမျိုး တလက်လက် တောက်ပတဲ့ အရောင်အဖြစ် ပြောင်းသွားစေပါတယ်။

.

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 ငါးကြေးခွံတွေ၊ ပိုးကောင်လေးတွေရဲ့ တောင်ပံတွေ၊ ရေပြင်ပေါ်က အလင်းပြန်တာတွေ ဆွဲတဲ့အခါ။

 Galaxy ပန်းချီကားတွေ၊ Fantasy Art တွေ ဖန်တီးတဲ့အခါ ပိုပြီး သက်ဝင်လှပစေပါတယ်။

.

 Expert tips:

Iridescent Medium ရဲ့ အလှဆုံး အာနိသင်ကို လိုချင်ရင် အောက်ခံအရောင် ရင့်ရင့် (Dark background - ဥပမာ အမည်းရောင် သို့မဟုတ် အပြာရင့်ရောင်) ပေါ်မှာ ဆွဲကြည့်ပါ။ အလင်းပြန်တဲ့ Effect က အဆပေါင်းများစွာ ပိုပြီး သိသာပေါ်လွင်လာတာ တွေ့ရပါလိမ့်မယ်။

________________________________________

6. Acrylic Varnish

ဘာအတွက်သုံးတာလဲ?

Varnishကတော့ ပန်းချီကားတစ်ချပ်လုံး ဆွဲပြီးသွားတဲ့အခါ အပေါ်ဆုံးကနေ အုပ်ပေးရတဲ့ "အကာအကွယ် (Protective Coat)" ပါ။ သူက Medium တွေလို ဆေးနဲ့ရောဆွဲရတာ မဟုတ်ဘဲ အချောသတ်မှ သုံးရတာပါ။

.

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 ပန်းချီကား ပြီးစီးသွားတဲ့အခါ ဖုန်မှုန့်၊ ခရမ်းလွန်ရောင်ခြည် (UV) နဲ့ အစိုဓာတ်တွေရန်ကနေ ကာကွယ်ဖို့။

 တစ်ကားလုံးရဲ့ အရောင် တောက်ပမှုအဆင့် (Gloss / Matt) ကို တစ်ပြေးညီတည်း ဖြစ်သွားအောင် ညှိပေးဖို့။

 Expert tips:

မြန်မာနိုင်ငံလို စိုစွတ်တဲ့ရာသီဥတုမှာ ပန်းချီကားတွေ မှိုတက်တတ်ပါတယ်။ Varnish သုတ်ထားခြင်းက မှိုတက်ခြင်းကို အများကြီး ကာကွယ်ပေးပါတယ်။ သတိထားရမှာက ပန်းချီကား လုံးဝ (လုံးဝ) ခြောက်သွေ့သွားမှ Varnish ကို သုတ်ရပါမယ်။ မခြောက်သေးဘဲ သုတ်မိရင် အထဲမှာ အစိုဓာတ်မိပြီး မှန်တွေ ရေခိုးရေငွေ့ ရိုက်သလို အဖြူကွက်တွေဖြစ်သွားတတ်ပါတယ်။ Gloss, Matt, Satin ဆိုပြီး ကိုယ်ကြိုက်တဲ့ Finish ရွေးသုံးလို့ ရပါတယ်။

________________________________________

7. Acrylic Medium (Gloss)

ဘာအတွက်သုံးတာလဲ?

Gloss Medium က အရည်ကျဲကျဲပုံစံရှိပြီး ဆေးကို ပိုကျဲသွားစေဖို့နဲ့ ခြောက်သွားတဲ့အခါ ပြောင်လက်တဲ့ (Glossy) မျက်နှာပြင် ရစေဖို့ သုံးပါတယ်။ ဆေးသားရဲ့ ကော်ဓာတ်ကိုလည်း ပိုအားကောင်းစေပါတယ်။

.

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 အရောင်တွေကို ပါးပါးကြည်ကြည်လေး (Glazing) ထပ်ဆင့်အသုံးပြုလို့တဲ့အခါ။ (ဥပမာ - လူ့အသားအရေ အရောင်စပ်တဲ့အခါ)

 ဆေးအရောင်တွေကို ပိုပြီး တောက်ပြောင် (Vibrant) ဖြစ်ချင်တဲ့အခါ။

 Expert tips:

Gloss Medium ဟာ Glazing လုပ်ဖို့အတွက် အကောင်းဆုံး လက်နက်ပါ။ ကိုယ်လိုချင်တဲ့ အရောင်ကို Gloss Medium များများနဲ့ရောပြီး ပါးပါးကြည်ကြည်လေး အလွှာလိုက် ထပ်သုတ်သွားရင် အရောင်တွေက အောက်ကနေ ထိုးဖောက်လင်းထွက်နေသလို (Luminous effect) မျိုး ရရှိစေပါတယ်။

________________________________________

8. Acrylic Medium (Matt)

ဘာအတွက်သုံးတာလဲ?

Matt Medium က Gloss နဲ့ ပြောင်းပြန်ပါပဲ။ ဆေးကိုကျဲစေတယ်၊ ဒါပေမယ့် ခြောက်သွားတဲ့အခါ အလင်းပြန်တာ လုံးဝမရှိဘဲ မှိုင်းမှိုင်းလေးနဲ့ ချောမွေ့တဲ့ မျက်နှာပြင်ကို ရစေပါတယ်။

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 ပန်းချီကားကို ဓာတ်ပုံရိုက်တဲ့အခါ အလင်းပြန်တာမဖြစ်စေချင်တဲ့အခါ။

 Pastel အရောင်လေးတွေ၊ ငြိမ်တဲ့အရောင် လေးတွေ သုံးပြီး Landscape ပန်းချီဆွဲတဲ့အခါမျိုးမှာ သုံးပါတယ်။

 Expert tips:

Matt Medium ထဲမှာ အလင်းမပြန်အောင် လုပ်ပေးတဲ့ Matting agent (အဖြူမှုန့်လေးတွေ) ပါပါတယ်။ ဒါကြောင့် ဆေးနဲ့ရောတဲ့အခါ အရောင်နည်းနည်း ဖျော့သွားတတ်တယ် (Color shift) ဆိုတာကို ကြိုပြီး တွက်ထားဖို့ လိုပါတယ်။ Matt ကို အများကြီး ထပ်ခါထပ်ခါ သုတ်ရင် မလိုအပ်ဘဲ ဖြူကျလာတတ်လို့ သတိထားသုံးပေးပါ။

________________________________________

9. Acrylic Gel Medium (Gloss)

ဘာအတွက်သုံးတာလဲ?

ရိုးရိုး Gloss Medium နဲ့ မတူတာက သူက "Gel"ပုံစံ ခပ်ပျစ်ပျစ် ဖြစ်နေတာပါ။ ဆေးကို ထူစေတယ်၊ စုတ်ချက်ရာ (Brush stroke) ကို ထိန်းထားပေးနိုင်တယ်၊ ပြီးတော့ ခြောက်ရင် စိုစိုပြောင်ပြောင်လေးနေပါတယ်။ ကော်အနေနဲ့လဲသုံးလို့ရပါတယ်။

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 Collage (စက္ကူတွေ၊ ပစ္စည်းလေးတွေ ကပ်ပြီး ဖန်တီးတဲ့ ပန်းချီ) လုပ်တဲ့အခါ ကော်အနေနဲ့ သုံးဖို့။

 ဆေးသားကို ထူထူနဲ့ စိုစိုပြောင်ပြောင်လေးဖြစ်စေချင်တဲ့အခါ။

 Impasto လိုမျိုး ဆွဲချင်ပေမယ့် ပြောင်လက်တဲ့ Finish လိုချင်တဲ့အခါသုံးလို့ပါတယ်။

 Expert tips:

Gloss Gelက ကပ်အားအရမ်းကောင်းလို့ Mixed Media ဖန်တီးတဲ့ Artist တွေအတွက် အရမ်းအသုံးဝင်ပါတယ်။ သဲတွေ၊ စက္ကူစတွေ၊ ပုတီးစေ့တွေကို ကပ်ပြီး Texture ယူချင်ရင် ဒီ Gel Medium နဲ့ ရောနယ်ပြီး သုံးလို့ရပါတယ်။

________________________________________

10. Acrylic Gel Medium (Matt)

ဘာအတွက်သုံးတာလဲ?

သူလည်း ဂျယ်လ်ပုံစံ အပျစ်ပါပဲ။ ဒါပေမယ့် ခြောက်သွားရင် လုံးဝ အလင်းမပြန်ဘဲ ခပ်ငြိမ်ငြိမ်လေး (Matt) ဖြစ်သွားပါတယ်။ ဆေးသားအထူကြီးတွေကို အလင်းမပြန်ဘဲ ဆွဲချင်တဲ့အခါ သုံးပါတယ်။

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 Texture ထူထူအကြမ်းကြီးတွေ လိုချင်ပေမယ့် Plastic လို ပြောင်လက်နေတာမျိုး မလိုချင်တဲ့အခါ။

 မတူညီတဲ့ ပစ္စည်းတွေ (သဲ၊ သစ်သားမှုန့်) တွေနဲ့ ရောပြီး ကိုယ်ပိုင် Custom Texture ဖန်တီးတဲ့အခါ။

 Expert tips:

Matt Gel ကို ဆေးအများကြီးနဲ့ ရောလိုက်ရင် အရောင်အရမ်း ငြိမ်သွားတတ်ပါတယ်။ သူက Transparent ဖြစ်ပေမယ့် Matting agent ပါတဲ့အတွက် အလွှာထူထူကြီး တစ်ခါတည်း သုတ်လိုက်ရင် ခြောက်တဲ့အခါ အနည်းငယ် ဖြူသလို (Milky) ဖြစ်ကျန်ခဲ့တတ်လို့ ပါးပါးချင်း ထပ်ခါထပ်ခါသုတ်တာ ပိုကောင်းပါတယ်။

________________________________________

11. Acrylic Retarder

ဘာအတွက်သုံးတာလဲ?

ဒါကတော့ မြန်မာနိုင်ငံက Artist တွေ၊ အထူးသဖြင့် Beginner တွေအတွက် "ကယ်တင်ရှင်" ပါပဲ။ ရိုးရိုး Acrylic ဆေးက ၅ မိနစ် ၁၀ မိနစ်လောက်ဆို ခြောက်သွားပေမယ့် Retarder ရောလိုက်ရင် ဆေးခြောက်ချိန်ကို အများကြီး နောက်ဆုတ်ပေးနိုင်ပါတယ်။

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

 ကောင်းကင်ပုံစံတွေ၊ နောက်ခံ Background တွေကို အရောင်တစ်ခုနဲ့တစ်ခု အရာမထင်ဘဲ ညင်ညင်သာသာBlendလုပ်ချင်တဲ့အခါ။

 Oil Painting (ဆီဆေး)ဆွဲသလိုမျိုး အေးအေးဆေးဆေး အချိန်ယူပြီး Detail တွေ ဆွဲချင်တဲ့အခါ။

 Wet-on-wet technique သုံးချင်တဲ့အခါ။

 Expert tips:

Retarderဟာ Binderမပါပါဘူး။ သူက Additive သီးသန့်ပါ။ ဒါကြောင့် ဆေးထဲကို ၁၀% ကနေ ၁၅% ထက် ပိုမထည့်ဖို့ အရမ်းအရေးကြီးပါတယ်။ အများကြီး ထည့်မိသွားရင် ဆေးက ဘယ်တော့မှ မခြောက်တော့ဘဲ စေးကပ်ကပ်ကြီး ဖြစ်နေတတ်ပါတယ်။ နည်းနည်းလေး ထည့်တာနဲ့တင် လုံလောက်တဲ့ အာနိသင် ရပါတယ်။

________________________________________

12. Modelling Paste (သို့မဟုတ် Molding Paste)

ဘာအတွက်သုံးတာလဲ?

Medium တွေထဲမှာ အမာဆုံးနဲ့ အထူဆုံးပါ။ ကျောက်မှုန့်တွေ ပါဝင်လို့ ခြောက်သွားရင် ကျောက်တုံးလို၊ ထုံကျောက်မာမာလို အရမ်းခိုင်မာပါတယ်။ ထုထည်ထည့်အသုံးပြုလိုသူများအတွက် 3D Effectအပြည့်အဝပေးနိုင်ပါတယ်။

ဘယ်လိုနေရာလေးတွေမှာ သုံးသင့်လဲ?

  Stencils (ပုံဖော်ထားတဲ့ ပလပ်စတစ်ပြား) တွေခံပြီး အလှပန်းခက်၊ လှိုင်းတွန့် ပုံစံ 3D Texture တွေ ဖန်တီးတဲ့အခါ။

 ပန်းချီမဆွဲခင် Canvas ပေါ်မှာ ကြိုတင်ပြီး မြေပြင်အကြမ်းတွေ၊ တောင်တန်းတွေရဲ့ အနိမ့်အမြင့်တွေ တည်ဆောက်ချင်တဲ့အခါအသုံးပြုနိုင်ပါတယ်။

 Expert tips:

Modelling Pasteက Opaqueဖြစ်ပါတယ်။ ဒါကြောင့် ဆေးအရောင်နဲ့ ရောနှောလိုက်တဲ့အခါဆေးရောင်က Pastel အရောင် (အရောင်ဖျော့) ဘက်ကို ကူးသွားပါလိမ့်မယ်။ အရောင်တောက်တောက် လိုချင်ရင်Modelling Pasteနဲ့အရင်ပုံဖော်၊ အပြည့်အဝခြောက်အောင်ထား ပြီးမှ အပေါ်ကနေဆေးရောင်ထပ်သုတ်တာ အကောင်းဆုံးပါပဲ။ ခြောက်သွားရင် ကော်ပတ် (Sandpaper) နဲ့ ပြန်စားပြီး ပုံသွင်းလို့တောင် ရပါတယ်။

________________________________________

တကယ်တော့Acrylicဆိုတာ ရေနဲ့ချည်းပဲ သုံးရတဲ့ ဆေးအမျိုးအစား မဟုတ်ပါဘူး။ Medium တွေကို နေရာတကျ သုံးတတ်သွားပြီဆိုရင် မိတ်ဆွေတို့ရဲ့ ပန်းချီကားတွေဟာ အရင်ကထက် အဆပေါင်းများစွာ ပိုပြီး Level မြင့်လာမှာ သေချာပါတယ်။ Medium တွေ အများကြီးရှိတဲ့အထဲက ကိုယ်ဖန်တီးချင်တဲ့ စတိုင်လ် (Style) ပေါ်မူတည်ပြီး တစ်ခုနှစ်ခုလောက်ကို စတင်လေ့လာ စမ်းသပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

.

စမ်းသပ်ရင်းနဲ့ အမှားတွေရှိလာရင်လည်း စိတ်ဓာတ်မကျပါနဲ့။ အမှားတွေကနေတဆင့် သင်ယူရတာက Artist တွေရဲ့ သဘာဝပါပဲ။

.

ဒီစာလေးက ပန်းချီချစ်သူ မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

 မိတ်ဆွေတို့ကော အခုပြောပြသွားတဲ့အထဲက Acrylicနဲ့ပုံဆွဲဖြစ်မယ်ဆို ဘယ်Mediumနဲ့တွဲဖက်အသုံးပြုရမှာကို အကြိုက်ဆုံးလဲ? ဒါမှမဟုတ် ဘယ်Mediumကို အခုပဲ စမ်းသုံးကြည့်ချင်စိတ် ဖြစ်သွားလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦးနော်။

.

 ဒီ Knowledge လေးက တကယ်အသုံးဝင်တယ်ဆိုရင် တခြားBeginner တွေနဲ့ ဝါသနာတူမိတ်ဆွေတွေလည်း သိသွားအောင် Like & Share လေး လုပ်ပေးသွားဖို့ မမေ့နဲ့နော်။ နောက်ထပ်လည်း အသုံးဝင်တဲ့ Art ပိုင်းဆိုင်ရာ Tips တွေကို Admin က အမြဲမျှဝေပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

Comments


bottom of page